တာမွေ နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်ပြည်သူများပါဝင်သည့် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာကြသော မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအားအမှူးပြု၍ သံဃာတော်အရှင်သူမြတ်များနှင့် ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဂန္ထဝါစကပဏ္ဍိတ မြို့ဦးစာသင်တိုက်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနာရဒထံမှ ငါးပါးသီလခံယူစောင့်တည်ကာ မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ပင့်သံဃာတော်အရှင်သူမြတ်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ကထိန်လျာသင်္ကန်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများသည် ပင့်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ဥပါသကာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်စေတနာရှင်ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)