နေပြည်တော်ကောင်စီဝင် ဦးမင်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လယ်ဝေး နိုဝင်ဘာ ၉

ပြည်ထောင်းစုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အစည်းအဝေးကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ လယ်ဝေးမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်း၊ မြို့နယ်အရည်အသွေးထိန်းချုပ် စိစစ်ရေးနှင့်အပြီးသတ် လက်ခံရေးကော်မတီအဖွဲ့ဝင်များနှင့်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်စေရေး QAQC သတ်မှတ်ချက်များနှင့် ပြည့်မီအောင်ဆောင်ရွက်သွားရန်နှင့် မြို့နယ်အရည်အသွေး ထိန်းချုပ်စိစစ်ရေးနှင့်အပြီးသတ် လက်ခံရေးကော်မတီအနေဖြင့် ကုမ္ပဏီများမှ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်စေရေး ကွင်းဆင်းစိစစ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုက လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကုမ္ပဏီ ၁၈ ခုရှိပြီး အချို့ကုမ္ပဏီများအနေဖြင့် သတ်မှတ်ဘဏ္ဍာနှစ်၏ သုံးပုံနှစ်ပုံ ကျော်လွန်လာပြီဖြစ်သော်လည်း အချို့ကုမ္ပဏီများမှာ လုပ်ငန်းတိုးတက်မှု ရာခိုင်နှုန်းနည်းပါနေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည် ကုမ္ပဏီများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် အဖွဲ့ဝင်များသည် အောင်ဘုန်းပြည့်စုံကုမ္ပဏီမှ ဆောင်ရွက်သည့် (Lot-66) အားလည်းကောင်း၊ ရွှေရည်ဝင်းလျှံကုမ္ပဏီမှ ဆောင်ရွက်သည့် (Lot-67) အားလည်းကောင်း၊ ဇွဲမာန်ထက်ကုမ္ပဏီမှ ဆောင်ရွက်သည့် (Lot-74) အားလည်းကောင်း ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကောင်စီဝင်က လိုအပ်ချက်များကို သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)