တာချီလိတ်မြို့ ရေကြီးရေလျှံခြင်းမှ လျော့နည်းကင်းဝေးစေရေး စီမံကိန်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တာချီလိတ် နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်များကို ဦးစားပေးအလိုက် သတ်မှတ်ပြီး ပညာရှင်များ ၂ ရေးဆွဲထားသည့် ရေကြီးရေလျှံခြင်းမှ လျော့နည်းကင်းဝေးစေရေး စီမံကိန်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင်၊မြို့နယ်စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းက ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ပညာရှင်များရေးဆွဲထားသည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟန်ထွန်း၊ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်တို့က တာချီလိတ်မြို့ ရေကြီးရေလျှံမှုဖြစ်ရခြင်းအကြောင်းများ၊ ပြီးပြည့်စုံသော ရေနှုတ်မြောင်းစနစ်၊ ရေနှုတ်မြောင်းကွန်ယက် ပြင်ဆင်ရေးဆွဲခြင်းများ၊ ရေကာတာတမံများ အပြည့်အဝ တည်ဆောက်ခြင်း၊ ရေကာတာတမံ၏ အဓိကအစိတ်အပိုင်းဖြစ်သော ရေထွက်ပေါက်များအား တချိန်တည်း တည်ဆောက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)