ဘုတ်ပြင်း နိုဝင်ဘာ ၉
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်က ထောင်ခမက်ကျေးရွာအုပ်စု အထက-တောင်ဒဂုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းတွင် အထက-တောင်ဒဂုံကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းသန်းက လူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံရေး၊ အသိပညာဗဟုသုတပြည့်စုံစေရေး၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြှင့်မားစေရေး၊ လူငယ်အချင်းချင်းအသိပညာဖလှယ်မှုရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းပူးပေါင်းတတ်စေရန်စသည့် လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက ဦးဆောင်၍ Grade-11 ကျောင်းသား မောင်ဇော်ထက်နိုင်၊ Grade-11 ကျောင်းသား မောင်အုပ်စိုးမောင်၊ Grade-10 ကျောင်းသား မောင်ကြယ်စင်ထွန်း၊ Grade-11 ကျောင်းသူ မအေးရတနာဦး၊ Grade-11 ကျောင်းသူ မနှင်းပွင့်ဖြူတို့က လေထုညစ်ညမ်းမှုတို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်သည့်အကြောင်းအရာများ၊ ပလတ်စတစ်သုံးစွဲမှုကြောင့်ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးကောင်းကျိုးများ၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးနှင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကြပါစို့ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိလိုသည်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)