ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ မြစ်ကမ်းပါး သဲသောင်ခုံပေါ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     နိုဝင်ဘာ ၉

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြေလာစေရေးအတွက် ဘုရားကျောင်းကန်၊ စေတီပုထိုးများနှင့် အများပြည်သူ ဝင်ထွက်သွားရာနေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် ရှေးဦးစွာ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်၊ ကြက်ပေါင်ခြံရပ်ကွက်နှင့် ရမ်ပူရပ်ကွက် လမ်းဆုံနေရာတွင် အများပြည်သူ အမှိုက်စုကန်အား ရပ်ကွက်နေပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက စွန့်ပစ်အမှိုက်များအား စက်ယန္တရားဖြင့် ရှင်းလင်းရေးလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော် မြစ်ဆိပ်မှ စီတာပူရပ်ကွက် မနောကွင်းအရှေ့ဘက်ရှိ အင်ဂျန်းခချောင်းဆုံနေရာအထိ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် သတ်မှတ်နေရာအသီးသီး၌ အစုအဖွဲ့များ စုဖွဲ့၍ ကမ်းပါးရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလပ်စတစ် အမှိုက်များကောက်ယူခြင်းစသည့်လုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်း လုပ်အားပေးဆောင်ရွက်သူများအား နံနက်စာ မုန့်နှင့် ရေသန့်ဘူးများ ကျွေးမွေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါ ဧရာဝတီမြစ်ကမ်းပါးတစ် လျှောက်ရှိ သဲသောင်ခုံပေါ်တွင် သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်လာစေရေး၊ အများပြည်သူ စိတ်လက် ပေါ့ပါးစွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ကမ်းပါးသဲသောင်ခုံပေါ်ရှိ မြေဧက ၂၄ ဧက ကျော် ရှိသည့်အနက် ထွန်ယက်ပြီး မြေဧက (၁၇)ဧကပေါ်တွင် ပန်းနှမ်းနှင့် ဆီမုန်ညှင်းများ စိုက်ပျိုး ဆောင်ရွက်ထားရှိမှုနှင့် အပင်ပေါက်များဖြင့် ဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်