ရန်ကုန်တိုင်းဒေသကြီးအတွင်း တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

အင်းစိန် နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၅/၂၀၂၄) တို့ကို ရှင်းလင်းပြောကြားကာ တိရစ္ဆာန်ဆေးကုခန်းများ လုပ်ကိုင်ခွင့် ခွင့်ပြုလက်မှတ် လျှောက်ထားခြင်းကို(၂၁-၁၁-၂၀၂၄)ရက်နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိရစ္ဆာန်ဆေးကုခန်းများ မှတ်ပုံတင်ရန်လျှောက်လွှာနှင့် ညွှန်ကြားချက်များကို ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ပြီးနောက် တိုင်းဦးစီးမှူးက မေးမြန်းသည်များကို ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် တိရစ္ဆာန်ဆေးကုခန်း ဖွင့်လှစ်ထားသူ(၅၅) ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)