နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့၌ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားနှင့် ရေဘေးသင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ အခမ်းအနားအား အဆိုပါကျောင်းခန်းမ၌ကျင်းပရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ’’ သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့’’ သီချင်းဖြင့်လည်းကောင်း သီဆို၍ တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်”  ဗီဒီယို Clip ပြသသည်။

ထို့နောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူမယ့်သူများဖြစ်သည့်အတွက် ဗလငါးတန်နှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များကို အဓိကပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာဖြစ်သည့် တက္ကသိုလ်များကိုအခြေခံ၍ ယခုကဲ့သို့စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကလေးငယ်များအား ငယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အထကိုပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ဗဟုသုတပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တပ်ကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ အလှူရှင်များနှင့် စာရေးဆရာရဲမွန်ကျော်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ပြီး တပ်ကုန်းမြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ တပ်ကုန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လက်ခံရယူသည်။

ထို့နောက် စာရေးဆရာရဲမွန်ကျော်က စာပေလေ့လာဖတ်ရှုမှုအကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။

အခမ်းအနားအပြီးတွင် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ဗလာစာအုပ်များနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ စာပေဆွေးနွေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအခြေအနေများနှင့် ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်စာစောင်များ ထောက်ပံ့လှူဒါန်းခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ အောင်ဆန်းခန်းမ၌ကျင်းပသည့် ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ထုတ်ပေးခြင်းအခမ်းအနားသို့တက်ရောက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များက ရေဘေးသင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)