ဒက္ခိဏသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Diamond Stars(ကိုယ်ပိုင်အထက်တန်းကျောင်း)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယမန်နေ့ မွန်းလွဲပိုင်း(၂ )နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ Diamond Stars Education  Centre(Private Hight School)၌ ကျင်းပခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်နှင့်ပြည့်စုံ၍ထူးချွန်ထက်မြတ်သော လူရည်ချွန်များဖြစ်လာစေရန်၊ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ်အ‌ရှေ့၌ပြောဆိုဆွေးနွေးတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးတိုင်ပင်ဆွေးနွေးခြင်း အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာ၍ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားသည်။ ယင်းနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-11 ကျောင်းသူ မသီရိမေဇင်က “လူငယ်နှင့်မျိုုးချစ်စိတ်ဓာတ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်မင်းသုတက “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ချစ်ညီက “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မအိဈာန်ဖြိုးမေက “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြသည်။

ယင်းနောက် ကျောင်းအုပ်ဆရာကြီးက နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။     

အောင်သူရဦး(ပြန်/ဆက်)