မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနား ကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် မြို့နယ်ပညာရေးမှူး ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ဆုရ ကျောင်းသား၊ သူများအား မိမိတို့သည် ပညာကိုဂရုတစိုက်သင်ကြားလေ့လာဆည်းပူးခဲ့သောကြောင့် ယခုလိုဆုများရရှိခဲ့ကြောင်း၊ ကျောင်းစာအပြင် အခြားဗဟုသုတများကိုလည်း ဆက်လက်လေ့လာဆည်းပူးပြီး နိုင်ငံအကျိုး၊ အများအကျိုးကို သယ်ပိုးနိုင်သော နိုင်ငံ့သားကောင်း၊ သမီးကောင်းတွေဖြစ်အောင် ဆက်လက်ထိန်းသိမ်းသွားကြစေလိုကြောင်းစသည်များ ပြောကြားခဲ့ပြီးနောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာကြီး၊ ဆရာမကြီးများက ဂုဏ်ထူးရကျောင်းသား၊ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးဆက်လက်ချီးမြှင့်ခဲ့ကြသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မဟာအောင်မြေမြို့နယ်အနေဖြင့် အောင်ချက် ၆၈.၈၂ ရာခိုင်နှုန်းရရှိခဲ့ပြီး အတွင်းဖြေ၊ အပြင်ဖြေဆိုသူ ကျား/ မ(၄၁၇)ဦးရှိရာ အောင်မြင်သူ (၂၈၇)ဦးရှိခဲ့ပြီး ၆ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၇ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ ရိုးရိုးအောင် ၂၁၀ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးလှမြင့်နှင့် ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရကျောင်းသား၊ သူများ၊ ကျောင်းသား၊ သူမိဘများ တက်ရောက်ခဲ့သည်။

အောင်ဇော်မင်း