နမ့်စန်(တ) နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်မှ မြို့နယ်သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကောဏ္ဍညနှင့် မြို့ပေါ်ကျောင်းတိုက်ကြီးများမှ သံဃာတော် အရှင်သူမြတ်များ၊ ဧည့်သည်တော်များက ‘နမောတဿ’ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူ၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ညနေ ၅ နာရီတွင် အဆိုပါခန်းမတွင်း ဆက်လက်ဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစား ဝန်ထမ်းဟောင်းများကို ဂါရဝပြုလက်ဆောင်များ ပေးအပ်ခြင်းနှင့် အထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို တူညီဝတ်စုံနှင့် စုစုပေါင်းတန်ဖိုးငွေ (၅၆) သိန်းကျပ်တန်ဖိုးရှိ ဆုငွေများကို မဲဖောက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)