တနင်္သာရီမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်မြောက်၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တနင်္သာရီ နိုဝင်ဘာ ၈

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) နှစ်‌မြောက်၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့်ဝန်ထမ်းများက ချောင်းငယ်ရပ်ကွက်-မြို့ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော်အားအမှူးထား၍ သာသနာ့ဟိတဓမ္မာရုံအတွင်း ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က အရုဏ်ဆွမ်း၊ ဆွမ်းဆန်နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေ စစ်အုပ်ချုပ်ရေးနယ်မြေမှူး ဗိုလ်မှူးကြီး မျိုးမင်းသူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ မြို့ဦးအရပ် အရပ်လူကြီးများ၊ ဖိတ်ကြားသော ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ မြို့ဦးပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယက ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဇောတိက,က ငါးပါးသီလနှင့် ဒါန၏အကျိုး တရားတော်ကို မြွက်ကြားပေးတော်မူသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများက ဆရာတော်အားအမှူးထား၍ ရဟန်း ၃ ပါး၊ ရှင်သာမဏေ (၁၆) ပါး၊ စုစုပေါင်း (၃၀) ပါးတို့အား (၂၄) ပြည်ဝင် ဆွမ်းဆန်တစ်အိတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အလှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ သာဓုခေါ်ဆိုကြသည်။ ထို့နောက် ဆရာတော်/သံဃာတော်များအား အမှတ် (၂) စစ်အုပ်ချုပ်ရေး နယ်မြေမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အရုဏ်ဆွမ်းဆက်ကပ်ကြပြီး ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် ဧည့်ပရိသတ်အပေါင်းတို့အား နံနက်စာဖြင့် လှူဒါန်းကျွေးမွေးကြောင်း သိရသည်။

ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဒုတိယပိုင်း အစီအစဉ်ကို မွန်းလွဲ ၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပရာ ပထမဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းအဆင့်ဆင့် ဗွီဒီယိုကလစ်ကို ပြသပေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားပေးသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်း (၈) ဦးနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်း၊ မကြာမီ သက်ပြည့်ပင်စင်ခံစားမည့် ဦးမြင့်ကိုကိုအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၄) လုပ်ငန်းအကြိုသင်တန်း (၂/၂၀၂၄) သို့ ထူးချွန်စွာတက်ရောက်ခဲ့သည့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်နိုင်ဝင်းအား ဂုဏ်ပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ပေးသည့် ဝန်ထမ်းမိသားစုဝင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းစသည့် အစီအစဉ်များ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ကြကြောင်း သိရသည်။

ထို့နောက် အငြိမ်းစားဝန်ထမ်း ဦးစိုးရီက ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားပေးပြီး မကြာမီပင်စင်ခံစားမည့် ဦးမြင့်ကိုကိုက ဌာနမိမသားစုအား နှုတ်ဆက်စကားပြောကြား၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့်ဝန်ထမ်းများက တူညီဝတ်စုံဖြင့် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြကာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)