သန်လျင်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အောင်မြေအင်အား ကိုယ်ပိုင်အလယ်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီတွင် သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အောင်မြေအင်အား ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရေး၊ စာပေအသိပညာ၊ ဗဟုသုတများ ပြည့်စုံစေရန်နှင့် နှုတ်မှုစွမ်းရည်ထက်မြက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးစိုးဝင်းကြည်က အမှာစကားပြောကြားပြီး၊ အောင်မြေအင်အား ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်ဝင်းမောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က ဆောင်ရွက်ပြီး  လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် GRADE–8 မှ မနော်အေးမြင့်မိုရ်၊ လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် GRADE–5 မှ မောင်သန်းသုတဥာဏ်၊ လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့် GRADE-7 မှ မောင်ထွန်းတောက်ဘုန်းလျှံ၊ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် GRADE–6 မှ မောင်အောင်မြတ်ဝင်း၊ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့် GRADE–9 မှ မောင်တာရာမှူးနိုင်တို့က ဆွေးနွေးကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယနေ့အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ရွေ့လျားမော်တော်ယာဥ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးရာ ကျောင်းသား၊ ကျောင်သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ    (ခရိုင်ပြန်ဆက်)