မိတ္ထီလာခရိုင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၈

ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌  ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားပထမပိုင်းကို နံနက် (၆) နာရီအချိန်က ဦးစွာကျင်းပရာ သဒ္ဓမ္မဝံသာရုံနဂါးရုံ စာ သင်တိုက် ဦးစီးပဓါနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတနန္ဒဝံသအမှူးပြုသောပင့်သံဃာတော် ငါးပါးထံသို့ ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် ဝန်ထမ်း မိသားစုများက ဆက်ကပ်လှူဒါန်းကြပြီး ရေစက်ချတရားတော်များကို နာယူကြသည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ညနေ ၃ နာရီခွဲအချိန်၌ ဆက်လက်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ပြသသည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ချမ်းသာ(ပြန်/ဆက်)