ရှမ်းရွာသစ် နိုဝင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးရည်ရွယ်၍ ၁၉ ရာစုနှောင်းပိုင်း တွေ့ရှိရသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဟူသည်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုင်ရာဆိုးကျိုးများကို ကျောင်းသား/သူလူငယ်လေးများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးအကြောင်း အရာများကို အကျယ်တဝင့်သိရှိစေရေးအတွက် နံရံကပ်စာစောင်များပြသဆောင်ရွက်ထားမှုကို ကျောင်းသား/သူကလေးငယ်များက စိတ်ဝင်စားစွာကြည့်ရှု လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)