ဘုတ်ပြင်းခရိုင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ဘုတ်ပြင်း နိုဝင်ဘာ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းအကြောင်းအရာများနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား Video  Clip ကို ပြသရာ အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ဘုတ်ပြင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဘုတ်ပြင်းခရိုင် ခေတ္တခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အမှတ်တရ ဝတ်စုံများ အသီးသီးပေးအပ်ခဲ့ပြီး ဝန်ထမ်းများ အတွက် အမှတ်တရလက်ဆောင်များ ဗလာမပါကံစမ်းမဲဖောက်ပေးခဲ့ကြသည်။

အခမ်းအနားသို့ ဘုတ်ပြင်းခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အရာထမ်း၊ အမှုထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)