မိတ္ထီလာမြို့နယ် လိန်တောကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ(ပထမ)အကြိမ် ထုတ်ချေး

မိတ္ထီလာ နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လိန်တောကျေးရွာအုပ်စု၊ လိန်တောကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွါးလာစေရန်နှင့် တိုးပွါးလာသောရန်ပုံငွေများဖြင့်ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(ပထမ)အကြိမ်မြောက် ထုတ်ချေးခြင်းကို ယမန့်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းအိထွေးက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်းအဖွဲ့ဝင်များထံ လည်ပတ်ရန်ပုံငွေကျပ် ၂၉.၄သန်း အား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက လိန်တောကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၇ဦး ငွေကျပ် ၁၄.၁သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၉ဦး ငွေကျပ် ၁၀.၁သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦး ငွေကျပ် ၅.၂ သန်း၊ စုစုပေါင်း ၇၉ ဦး၊ ငွေကျပ် ၂၉.၄ သန်းအား အသီးသီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။                 

သိန်းမြင့်ကျော်(မိတ္ထီလာ)