လယ်ဝေး နိုဝင်ဘာ ၈
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက်လျက်ရှိသည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် “ရှမ်းရွှေလျှံ” ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် ပေ ၉၀×၃၀ RCCတစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အဆိုပါ လုပ်ငန်းများ အတွက် (QA/QC) အဖြစ်တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီမှ လုပ်ငန်းများ၏ အရည်းအသွေးပိုင်းဆိုင်ရာ စစ်ဆေးချက်များနှင့် ပြီးစီးမှုရာခိုင်နှုန်းများကိုလည်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း အမြန်ဆုံးအပြီးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ချမှတ်ပေးထားသော တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထားဆောင်ရွက်စေလိုကြောင်းမှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် Thant Star ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့်ပေ ၆၀×၃၀၊ Steel Structure တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)