လယ်ဝေး နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လယ်ဝေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လယ်ဝေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုက ဌာနနှစ်ပတ်လည်နေ့ ကျင်းပရသည့်ရည်ရွယ်ချက်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် လယ်ဝေးခရိုင်အုပ်ချုပ်ရေးမှူးက ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများအားကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တက်ကြွစွာဆောင်ရွက်ခဲ့ကြသည့် လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအားဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြင့်ရာ လယ်ဝေးမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းနှင့် ဒုတိယဦးစီးမှူးဦးမျိုးသက်ဆွေတို့က လက်ခံရယူသည်။ ဆက်လက်၍ တာဝန်ရှိသူများက လယ်ဝေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အမှတ်တရလက်ဆောင် ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)