မိတ္ထီလာ နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကုက္ကိုကုန်းအခြေခံပညာထက်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ မြင့်မားအောင်နှင့် စာရေးဆရာကိုသစ္စာ(ထီလာ)တို့က အမှာစကားပြောကြားသည်။ ထိုနောက် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာရွှေညာမြေမြတ်သင်းကြိုင်က လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရေးခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကုက္ကိုကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ကြီးဆရာမကြီး ဒေါ်မူမူအောင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြောကြားပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပသည်။ အဆိုပါ လူငယ်စကားဝိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဦးဆောင်၍ ကုက္ကိုကုန်း အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့်ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသူ/ကျောင်းသားများက ဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် အဆိုပါ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးသူများနှင့် ဖြည့်စွက်ဆွေးနွေးသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ကုက္ကိုကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ကြီးဆရာမကြီး ဒေါ်မူမူအောင်တို့က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)