ကျိုင်းတုံမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာ ဖတ်ရှုနိုင်ရန်နှင့်စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေနိုင်ရန်၊ စာဖတ်ရှိန်မြင့်မားလာမှ လူတစ်ဦးချင်းအလိုက် အသိပညာဗဟုသုတများ မြင့်မားတိုးတက်ပြီး လူမှုပတ်ဝန်းကျင်နှင့် နိုင်ငံကိုအကျိုးပြုနိုင်စေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်  ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နိုဝင်ဘာ ၆ ရက်နေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊ တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျိုင်းတုံမြို့ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲဆုရှိသူများ၊ ပွဲတော်တွင် အဆို၊ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည့် ကျောင်းသား၊‌ ကျောင်းသူများနှင့်   ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။ ထို့‌နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာဓာတ်ပုံ/နံရံကပ်စာစောင်ပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများ ကျင်းပနေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ ရရှိလာမည့် အသိဉာဏ်ဗဟုသုတများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်စသည့်ရည်ရွယ်ချက်များ ဖြင့်  ကျိုင်းတုံမြို့နယ်၊ ကတ်ဇင်းကျေးရွာ မျှော်လင့်ခြင်း စာကြည့်တိုက်နှင့် ဝမ်မိုင်ကျေးရွာ ဝမ်မိုင်စာကြည့်တိုက်များကို  ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တြိဂံ‌ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက် အ‌ဆောက်အအုံသစ် မှတ်တမ်းလွှာများနှင့် ကျေးရွာစာကြည့်တိုက်များအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)