မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် ရေနုတ်မြောင်းများရှိ အမှိုက်သရိုက်များနှင့် နုန်းသဲများဆယ်ယူရှင်းလင်း

ပွင့်ဖြူ  နိုဝင်ဘာ ၈

ကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့တွင်းရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ထားရှိသော ရေနုတ်မြောင်းများနှင့် ရေဆိုးထုတ်မြောင်းများရှိ အမှိုက်သရိုက်များနှင့် နုန်းသဲများ ဆယ်ယူရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ မြို့ပြသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာ၌  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ စုပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ် တစ်စီးဖြင့် စကားဝါလမ်း တစ်လျှောက် လမ်းဘေး(ဝဲ၊ ယာ)ရှိ ပေါင်းမြက်များ ရှင်းလင်းသိမ်းဆည်းခြင်း၊ မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေး (ဝဲ၊ ယာ)ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေဆိုးထုတ်မြောင်းနှင့် ရေနုတ်မြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်သရိုက်နှင့် နုန်းသဲများ ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆယ်ယူရှင်းလင်းခြင်း မြို့ပြသာယာစိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားရှိသော ပန်းအလှပင်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်းများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ သန့်ရှင်းရေးဝန်ထမ်းများက နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များ လိုက်လံသိမ်းဆည်းခြင်း၊ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရန် ပလတ်စတစ်ပစ္စည်း လျော့ချသုံးစွဲရေး ပြည်သူများအား အသိပညာပေးခြင်း၊ မြို့ပတ်ဝန်းကျင် စွန့်ပစ်ပလတ်စတစ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းခြင်းစသည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)