ကလော နိုဝင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့နံနက် (၅) နာရီခွဲက ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်ဝန်ထမ်းများက သံဃာတော်များအား အာရုံဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ ပထမပိုင်း အခမ်းအနားကို တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များထံမှ (၅)ပါး သီလခံယူဆောက်တည်၍ ဆရာတော်အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပေးခဲ့ပြီး ဆရာတော်အရှင်သူမြတ်များထံမှ အနုမောဒနာတရား နာယူခဲ့ကြသည်။ ထို့နောက် ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပေးခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ပထမပိုင်းအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို နံနက် ၁၀ နာရီက အဆိုပါခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားခဲ့ပြီး ဖိတ်ကြာထားသည့် ဧည့်သည်တော်များအား တာဝန်ရှိသူများက အမှတ်တရ ပစ္စည်းလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းများတွင် ထူးချွန်ဆုရှိသည့် ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း၊ ဝန်ထမ်းများအား တူညီဝတ်စုံနှင့် အထိမ်းအမှတ် မှတ်စုစာအုပ်များ၊ ဆန်၊ ဆီ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း၊ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝန်ထမ်းများအား (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ငွေသားဆုမဲများ ဖောက်ပေး၍ ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)