ဗဟန်း နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက STEP Survey ကွင်းဆင်းဆောင်ရွက်ကြမည့် တာဝန်ရှိသူများတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက တွေ့ဆုံ၍ လိုအပ်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းဝေးတွင် ဒေါက်တာနန္ဒဝင်းက STEP Survey သည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သောဆန်းစစ် သုတေသနလုပ်ငန်းဖြစ်သောကြောင့် စနစ်တကျ သေချာစွာဆောင်ရွက်ကြရန်၊ ထို့ပြင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများကြောင့် သေဆုံးမှုမြင့်မားလာခြင်း၊ ရောဂါဖြစ်စေသော အခြေခံအကြောင်းရင်းများ(RiskFactors)ကို ရှာဖွေဖော်ထုတ်နိုင်မှ ရောဂါဖြစ်ပွားမှုပုံစံ(Disease trend) စားသောက်နေထိုင်မှုပုံစံ( Behavioural changes) ပြောင်းလဲခြင်း၊ ရောဂါကုသမှုတွင်လိုအပ်သောဆေးများကို တွက်ချက်ခြင်းတို့အတွက် ပိုမိုတိကျကောင်းမွန်စေနိုင်မည်ဖြစ်သဖြင့် မိမိတို့ကျရာ လုပ်ငန်းတာဝန်များကို အကောင်ထည် ဖော်ရာတွင် သင်ကြားပေးထားသောနည်းလမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကောင်းမွန် မှန်ကန်သောသတင်းအချက်အလက်များ စုစည်းရယူကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ပထမရက်တွင် ပထမအဆင့် မေးခွန်းများမေးမြန်းခြင်း၊ ဒုတိယရက်တွင် ဒုတိယအဆင့်နှင့် တတိယအဆင့်တွင် အရပ်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အစာမစား မီသွေးတွင်းသကြားဓါတ်နှင့် သွေးတွင်းအဆီဓါတ်များကို စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်နိုင်အောင်ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်မှုမှာ အရေးကြီးကြောင်း၊ စာရင်းကောက်ယူသောမြို့နယ်များမှ ဆရာဝန်ကြီးများ ကိုလည်း မိမိတို့ မြို့နယ်သို့လာရောက်သောစာရင်းကောက်အဖွဲ့ကို စောင့်ရှောက်မှုပေးကြပါရန် လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ခရိုင်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူးများ၊ ခရမ်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သင်္ဃနးကျွန်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ ရွှေပြည်သာမြို့နယ် (အရှေ့ပိုင်း/အနောက်ပိုင်း)၊ ဗဟန်းမြို့နယ်များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူဟိန်း (ပြန်/ဆက်)