ဗဟန်း နိုဝင်ဘာ ၇
၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကျရောက်သော မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ကြီးမှူးကျင်းပသည့် "The 5th International Conference on Advanced Information Technologies (ICAIT 2024)" ဖွင့်ပွဲကို ရန်ကုန်မြို့MICT Park (Conference Hall) တွင် ယနေ့နံနက် (၉ )နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက Online မှတစ်ဆင့် အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သော ညီလာခံသည် နည်းပညာ အသစ်များ၊ အတွေးအခေါ် အသိပညာများမျှဝေ ဖလှယ်မှုပြုနိုင်သည့် အခွင့်အရေး ကောင်းတစ်ခု ဖြစ်ပါကြောင်း၊မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် အိန္ဒိယသမ္မတနိုင်ငံ Vellore Institute of Technology (VIT)တို့အကြားနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင် မည်ဖြစ်သဖြင့်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ သင်ကြားရေးနှင့်သုတေသနဆောင်ရွက်နေမှုများ၏ အရေးပါသော အခန်းကဏ္ဍများကို ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးဌေးအောင်က အမှာစကားပြောကြားခဲ့ပြီး သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးကကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် ICAIT 2024 ညီလာခံတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အနေဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(UIT) နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ Vellore Institute of Technology(VIT) တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် တက္ကသိုလ်နှစ်ခုကြား ပညာရေးဖလှယ်မှု၊ သုတေသနပူးပေါင်းဆောင်ရွက်မှုနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖလှယ်မှုမြှင့်တင်ရန် ရည်ရွယ်သည်။ အခမ်းအနားသို့ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ ဂျပန်နိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံ တို့မှ ပါမောက္ခများ၊မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းများနှင့် အင်ဂျင်နီယာအသင်းများမှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များမှပါမောက္ခချုပ်များ၊ဒု တိယပါမောက္ခချူပ်များ၊ သုတေသီများနှင့် စာတမ်းဖတ်ကြားသူများ တက်ရောက်ခဲ့ကြပြီး ညီလာခံဖြစ်မြောက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် IT ကုမ္ပဏီများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)