မြစ်သား နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကံဆွယ်ကျေးရွာအုပ်စု၊ တောင်းတောကုန်းကျေးရွာ၌ စိုက်ပျိုးရေးတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြရာ ယခုအချိန်တွင် အထွက်နှုန်းကောင်း၊ စျေးကောင်းရရှိသည့် မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသည့်ကွင်းအမှတ် ၅၄၉ (ခ) ကွင်းတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဝါစိုက်တောင်သူ ဦးအောင်ဆန်းဦးထံမှ သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံများ ပိုးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကင်းထောက်မှတ်တမ်းများယူခြင်း ကုန်ကျစရိတ်သက်သာပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး သီးနှံအရည်အသွေးကောင်းမွန်ရေးအတွက် သဘာဝပိုးသတ်ဆေး၊ ပိုးနှင့်ဆေးများ ပြုလုပ်သုံးစွဲသဖြင့် ဓာတုဆေးများ လျော့ချသုံးစွဲလျက်ရှိကြောင်း သိရသည်။
တောင်းကုန်ကျေးရွာတွင် ချည်မျှင်ရှည်ဝါ (B 31)မျိုးများအဓိက စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဝါစိုက်ဧက(၄၅၃)ဧကရှိပြီး လက်ရှိအချိန်အပင်များတွင် ပိုးမွှားရောဂါကျရောက်မှုမရှိစေဘဲ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)