ကချင်ပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၊ ထူးချွန်ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား နိုဝင်ဘာ ၇

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ မေခခန်းမ၌ နိုဝင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများသည် အစိုးရအဖွဲ့တစ်ခု၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲသည့်အခါတွင် အစိုးရအဖွဲ့သည် ဦးခေါင်းနှင့်တူပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ရသည့် ခန္ဓာကိုယ်၊ ခြေ၊ လက်များနှင့်တူပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင်လည်း မိမိရာထူးအဆင့်နှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဝန်ထမ်းများသည် အစိုးရကို တာဝန်ခံပြီး နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၈)ပါးကို လိုက်နာစောင့်ထိန်းပြီး ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၅)ပါးနှင့်အညီ ပြည်သူကိုဗဟိုပြုလျက် ပြည်သူ့အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ရသည့် သူများဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့အချိန်အခါတွင် နိုင်ငံဝန်ထမ်းများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို လေးစားချီးကျူးလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ ပြည်သူတို့ရဲ့ဆန္ဒနှင့် လိုအပ်ချက်များကို ကိုယ်ချင်းစာတရားဖြင့် အတတ်နိုင်ဆုံး ရိုင်းပင်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက နှုတ်ခွန်းဆက်စကားပြောကြားပြီး အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ သမိုင်းကြောင်း ဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ဝန်ထမ်များ၏ ဒို့ GA သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုကို အားပေးခဲ့ကြသည်။

ထို့နောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သင်တန်းတွင် သင်တန်းသား ကာကွယ်ရေးပညာ ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရဝန်ထမ်းများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူး(၃)ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီး တစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ထူးချွန်ဝန်ထမ်းသားသမီးများနှင့် အငြိမ်းစားဝန်ထမ်းဟောင်း(၂၁)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်း များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ယာယီရုံး ဖွင့်လှစ်တာဝန်ထမ်းဆောင်နေကြသော ချီဖွေခရိုင်နှင့် မြို့နယ်၊ ဆော့လော်မြို့နယ်၊ ပန်ဝါမြို့ရုံးတို့နှင့် ဆွမ်ပရာမြို့နယ်ရုံးတို့မှ အရာထမ်း/ အမှုထမ်းများအတွက် အပေါ်ဝတ်အနွေးထည်ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဝန်ထမ်းများ၏ တိုင်းရင်းသားတေးသီချင်းအကအလှများဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အကအဖွဲ့များအတွက် ချီးမြှင့်ငွေကျပ် (၃၆)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် အခမ်းအနားတက် ရောက်အားပေးချီးမြှင့်ကြသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်များ၊ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအား နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကံစမ်းမဲအစီအစဉ်ဖြင့် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားမျိုးနွယ်စုများမှ စာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့ခေါင်းဆောင်များ၊ ဘောလုံးချစ်ပရိတ်သတ်များနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း ဒုတိယအကြိမ်ပြုလုပ်ကျင်းပလျက်ရှိသည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဂျိမ်းဖောအသင်းနှင့် ရဝမ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)