နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား တက်ရာက်

နေပြည်တော် နိုဝင်ဘာ ၇

နေပြည်တော်ကောင်စီနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်၊  နေပြည်တော်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည်ဖော်ရာတွင် အဟန့်အတားဖြစ်နိုင်ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာပြီး နိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေနိုင်ကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေကြောင်း၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှု ယဉ်ကျေးမှုကြီး တစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမှာ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန် လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် (Good Government and Clean Governance , Corporate Governance ) စနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်ရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး ခြင်းမှရရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိမှတဆင့် မိမိပတ်ဝန်းကျင်၊ မိမိဌာန/ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများထံသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြရမှာဖြစ်ကြောင်း ပြော ကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ဆွေးနွေးပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ ဘေးအန္တရာယ်များကို သိရှိကာ ရှောင်ကြဉ်နိုင်စေရန်နှင့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာ၌ တစ်ဦးချင်းပါဝင်ကာ ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်ရန် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုအဓိပ္ပာယ်ဖွင့်ဆိုချက်အနေဖြင့် တစ်ကမ္ဘာလုံးက လက်ခံထားသည့် ဖွင့်ဆိုချက်မရှိဘဲ နိုင်ငံအသီးသီးက ၎င်းတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအရ ဖွင့်ဆိုကြပါကြောင်း၊ အဂတိလိုက်စားမှုဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာကို မိမိကိုယ်ကျိုးအတွက် အသုံးပြုခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာများ သိရှိရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံကောင်းများ တည်ဆောက်ရန်၊ အများပြည်သူ ဆိုင်ရာအဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာစေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတစ်ဝန်းလုံးတွင် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန်အတွက် အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌ အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံ အကျဆုံး ဖြစ်သည့်အတွက် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာများကို ဝန်ထမ်းတိုင်း သိရှိထားရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရခြင်းမရှိစေရန် လုပ်ထုံး လုပ်နည်း များနှင့်အညီ ကျင့်ဝတ်လိုက်နာပြီး ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြ သည်၊

ယင်းနောက် တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)