လသာ နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က လသာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးလှူဌာနတွင် ပြုလုပ်ခဲ့သည်။
သွေးလှူဒါန်းပွဲတွင် အမျိုးသားသွေးလှူဌာနမှ ကျန်းမာရေးဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းကြသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး ထွေ/အုပ်ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းမှုအားရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းနှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့်အဖွဲ့ဝင်များ၊ ကျောက်တံတားခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်တံတားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး၊ လသာမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးရန်နိုင်ဝင်းတို့မှ လိုက်လံကြည့်ရှုအားပေးကာ သွေးလှူရှင်ဝန်ထမ်းများအား အာဟာရဖြည့်စွက်စာအဖြစ် ကြက်ဥ၊ နို့နှင့် ကွေကာအုပ်များအချိုရေများ၊ အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်၊/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း (၄၄) ဦးတို့က သွေးအမျိုးအစားအလိုက် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(လသာပြန်/ဆက်)