မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၅)ကျောင်းတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မြောက်ဥက္ကလာပ နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း  သဇင်ဆောင်ခန်းမတွင်  ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ယာဥ်ထိန်းတပ်ဖွဲ့စု(၃၅)မှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမာလေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဥ်ထိန်းတပ်ဖွဲ့စု(၃၅)မှ မြောက်ဥက္ကလာပမြို့နယ် တပ်စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင် ဦးစီးသောတပ်ဖွဲ့ဝင်များက ကျောင်းသား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိလိုက်နာရေးသည် အရေးကြီးပါကြောင်း၊ စည်းကမ်းတကျသွားလာမှသာ ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း၊  ယာဉ်နှင့်လမ်းကို မလွဲမရှောင်သာဘဲ နေ့စဉ်အသုံးပြုနေကြရ၍ စည်းကမ်းနှင့်အညီလိုက်နာပြုမှုမှသာ ယာဉ်ထိခိုက်မှုကင်းဝေးပြီး လိုရာကိစ္စပြီးမြောက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/သူ(၂၀၀)ဦးထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)