စဉ့်ကိုင် နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က(သင်္ဂတုံ)တို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက်အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက်လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာပြီးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန်စသည်တို့ကိုရည်ရွယ်ကာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၉နာရီအချိန်က သင်္ဂတုံကျေးရွာရှိ "ဘဝအလင်းသစ်"စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲများပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်က ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းခဲ့ကြသည်။ ထို့နောက်အ.မ.က (သင်္ဂတုံ)မှ ပြိုင်ပွဲဝင်ကျောင်းသား/သူ (၃၇)ဦးတို့က ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲတို့တွင် အလှည့်ကျ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ (စဉ့်ကိုင်)