ဘားအံ နိုဝင်ဘာ ၇
(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒုံးအကပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ရိုးရာဒုံးအကသမိုင်းကို ရှင်းလင်းပြောကြားပြီး ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၉)သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ဆိုသည့်အတိုင်း အားကြိုးမာန်တက်ကပြ ယှဉ်ပြိုင်၍ အကဲဖြတ်ဒိုင်များ၏ မှန်ကန်သောအဆုံးအဖြတ်ဖြင့် အဆင့်လိုက်ရမှတ်များကိုလက်ခံကာ အားသွန်ခွန်စိုက်ကြိုးစားပြိုင်ပွဲဝင်ကြရန် တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ယင်းနောက် ဌာနပေါင်းစုံစုပေါင်းဒုံးအဖွဲ့က မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြဖျော်ဖြေရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ဒုံးအကပြိုင်ပွဲ ပထမညယှဉ်ပြိုင်မှုကို မွန်းလွဲ ၆ နာရီက ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့်၌ကျင်းပရာ မိဇံတိုက်နယ်စုပေါင်းဒုံးအဖွဲ့၊ ဂျိုင်း(ဇာသပြင်)တိုက်နယ် ကိုယ်စားပြုဒုံးအဖွဲ့၊ ထုံးအိုင်တိုက်နယ်စုပေါင်းဒုံးအဖွဲ့၊ ကော့ကရိတ်မြို့နယ်စုပေါင်းဒုံးအဖွဲ့၊ နယ်စပ်ပွင့်ဝေDKBA ဒုံးအဖွဲ့၊ BGF အမှတ်(၂)တပ်နယ်ကိုယ်စားပြုဒိုင်းပြလူငယ်မောင်မယ်ဒုံးအဖွဲ့၊ ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံးဒုံးအဖွဲ့၊ BGF အမှတ်(၁)တပ်နယ်ကိုယ်စားပြုမုက္ကဒိယဉ်ကျေးမှုဒုံးအဖွဲ့၊ ဒုံရင်းတိုက်နယ်ကိုယ်စားပြုလှိုင်ကမ္ဘာ ကျေးရွာအုပ်စုဒုံးအဖွဲ့တို့က မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ယှဉ်ပြိုင်ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့အတူ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ စောစံဖိုးသင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက အဆိုပါကွန်ကရစ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သောလမ်းသည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်နှင့်အမှတ်(၈)ရပ်ကွက်တို့ကိုဆက်သွယ်ထားသည့် ကွန်ယက်လမ်း တစ်လမ်းဖြစ်ပြီး ဘားအံမြို့ပတ်လမ်းသစ်နှင့်စောစံစီဖိုးလမ်းတို့ကို ချိတ်ဆက်ထားသည့်လမ်းသွယ်ဖြစ်သည့်အတွက် ဒေသခံပြည်သူများသွားလာရေးပိုမိုလွယ်ကူစေပြီး လူမှုစီးပွားကဏ္ဍအတွက် များစွာအကျိုးကျေးဇူးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ်(၂၀၁ ဒဿမ ၅ )သန်းဖြင့် အရှည် ၂၀၉၅ ပေ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မရှိ စောစံဖိုးသင်ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းသစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်သည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်အဆင့်ထူးချွန်ဆုချီးမြှင့်ပွဲကို နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကိုအားသွန်ခွန်စိုက်လုပ်ကိုင်ဆောင်ရွက်လာကြသည့်အတွက် ယခုအခါထိုက်သင့်သည့်အောင်မြင်မှုများရရှိနေပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန်အလားအလာကောင်းများရှိနေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးက နိုးကြားတက်ကြွစွာဖြင့် ပြည်နယ်အကျိုးကိုဆက်လက်သယ်ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ ပြည်နယ်ဂုဏ်ကိုဆောင်နိုင်သည့် ထူးချွန်ဆုရရှိသူများအနေဖြင့်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထူးချွန်သူများကိုအားကျအတုယူပြီး ပြည်နယ်ဂုဏ်ကိုဆောင်နိုင်သည့် မျိုးဆက်သစ်များဆက်လက်ပေါ်ပေါက်လာစေကြောင်း ဆန္ဒပြုပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကုန်သွယ်လုပ်ငန်းခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ အထူးကုန်စည်ခွန်အများဆုံးထမ်းဆောင်သည့်ဆု၊ နိုင်ငံတော်အဆင့် ဆောင်ပါး၊ စာစီစာကုံးပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများ၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်အောင်ချက်ကောင်းသောကျောင်း၊ မြို့နယ်နှင့်အမှတ်အများဆုံးရကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာထူးချွန်ဝန်ထမ်းများ၊ စိုက်ပျိုးမွေးမြူရေးထူးချွန်တောင်သူဆု၊ အားကစားထူးချွန်ဆု၊ ကြက်ခြေနီထူးချွန်ဆု၊ (၂၅)ကြိမ်မြောက်ငွေရတု အထိမ်းအမှတ် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ဆုရရှိသူများ၊ ပြခန်းများတွင်အကောင်းဆုံးဆောင်ရွက်ခဲ့သည်ဆုအစရှိသည့် ဆုပေါင်း ၁၃၁ ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)