နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ နေပြည်တော်နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနား တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၇

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ယနေ့မွန်းလွဲ (၁) နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်သည့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအောက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ လူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီး၊  ဘဏ္ဍာငွေများအား မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျှင်ဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် အစီအမံများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  သဘာဝဘေးအန္တရာယ် ဖြစ်ပွား ပေါ်ပေါက်လာပါက တုံ့ပြန်ဆောင်ရွက်ရေး၊  အစီအမံများ ရေးဆွဲချမှတ် လမ်းညွှန်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ပြည်သူလူထုအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဝေရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းတို့အပြင် သဘာဝဘေးအန္တရာယ်များ ရုတ်တရက် ဖြစ်ပွားလာပါက အလျှင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါ‌ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ အဓိကတာဝန်ရှိသော မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရုတ်တရက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ဖို့ နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဆောင်ရွက်နိုင်ရန်အတွက် စွမ်းဆောင်ရည်တိုးတက်မြင့်မားအောင် ဆောင်ရွက်လေ့ကျင့်သွား ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေး အသင့်ပြင်ဆင်စုဖွဲ့ထားရှိသော တပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အချိန်အခါ အလျောက်ဖြစ်ပေါ်လာနိုင်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ရပါက အချိန်နှင့်တစ်ပြေးညီ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လူအင်အား၊ စက်၊ ယန္တရားများ၊ ပစ္စည်းကိရိယာများ အသင့်ပြင်ဆင် စုဖွဲ့ထားရှိခြင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ခြင်း၊ အခြားသောအုပ်ချုပ်မှု လိုအပ်သည်များအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘေးအန္တရာယ်ကျရောက်ပါက ဘေးကင်းဇုန်သို့ ကျောင်းသား၊ ကျောင်းသူများ ရွှေ့ပြောင်းရေးအား အစီအမံများအား ရှင်းလင်း တင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက တုံ့ပြန်ဆောင်ရွက်ရေးအတွက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသော  တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာဉ်၊ စက်၊ ယန္တရားများနှင့် လိုအပ်သည့်ပစ္စည်းများကို အသင့်ပြင်ဆင်စုဖွဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြနေမှုအား ကြည့်ရှုအားပေးပြီး ပါဝင်ဆောင်ရွက်သူများအား နေပြည်တော်ကောင်စီဝင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာရှိ ကွင်းအမှတ်(၁၈၉၃)၊ တောင်သူ ဦးမြင့်သိန်း၏ လယ်မြေ (၁၁) ဧကတွင် စိုက်ပျိုးထားသော မိုးစပါးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေနှင့် စံပြကွက်အဖြစ် ရိတ်သိမ်းနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)