ထားဝယ် နိုဝင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ထားဝယ်ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၃) နာရီက ထားဝယ်မြို့၊ ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် တိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က မြန်မာနိုင်ငံဒီရေတောများအကြောင်း၊ ဒီရေတောနှင့်ကမ်းရိုးတန်း ဂေဟစနစ်ဝန်ဆောင်မှုများ၊ ဒီရေတောများ ပျက်စီးရသည့် အကြောင်းအရင်းများ၊ ဒီရေတောများ စီမံအုပ်ချုပ်သည့် နည်းလမ်းများအား အသိပညာပေးဟောပြောပြီး ဒီရေတောများသည် ကုန်းတွင်းပိုင်းနှင့် ပင်လယ်ဆက်စပ်လျက်ရှိသော နေရာများတွင် ပေါက်သည့်အတွက် ကမ်းရိုးတန်းနေဒေသခံ ပြည်သူများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များကို အဓိကဖြည့်ဆည်းပေးနိုင်သည့်အပြင် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သောကြောင့် ဆရာမများနှင့် ကျောင်းသား/သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွင်ကိုဦးက မီးခိုးမြူငွေ့ ဖြစ်ပေါ်လာသည့် အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ Fire Hotspot များ၏ အကြောင်းအရင်းများအား အသိပညာပေးဟောပြောပြီး မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအားလျှော့ချရမည့် နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်းစသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောသည်။
ဟောပြောပွဲသို့ ထားဝယ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၀၀) ဦးခန့်က စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)