ကျောက်ပန်းတောင်း နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများအတွက် မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိသည့်နည်းတူ၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အရေးပေါ် မီးငြှိမ်းသတ်နည်းပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို၊ ကျောင်းအခြေပြု ဆောင်ရွက်ပေးလျက်ရှိရာ၊ ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က လယ်ယားတောင် ကျေးရွာအုပ်စုရှိ International Private School (IPS-II) ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆) ဦးတို့သည် လယ်ယားတောင် ကျေးရွာအုပ်စုရှိ International Private School (IPS-II) ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ မီးလောင်ရာတွင် အရေးပေါ်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများကို ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလေးများအား၊ အသိပညာပေး ရှင်းလင်းဟောပြောသည်။ ထို့နောက် ကျောင်းရှေ့ မြက်ခင်းပြင်တွင် မီးသတ်ဆေးဘူး၏ အသုံးပြုနိုင်မည့် သက်တမ်းနှင့် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးနည်းများကို လက်တွေ့သရုပ်ပြသခြင်းနှင့် ပါဝင်လုပ်ဆောင်စေခြင်း၊ ဆီမီးလောင်မှုအား အလွယ်တကူ မီးငြှိမ်းသတ်ခြင်းအား လက်တွေ့ပူးပေါင်းပါဝင် ဆောင်ရွက်စေခြင်းတို့ကို ပညာပေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်နှင့်အဖွဲ့ဝင်များသည် စာသင်ဆောင်များနှင့် ကွန်ပျူတာခန်းတို့တွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်မှု ရှိ/မရှိ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ လိုအပ်သည်များကို ကျောင်းတာဝန်ခံနှင့် ဆရာ/ဆရာမများအား အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)