တိုက်ကြီး နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မရှိ၍မလင်းသူမရှိစေရ အစီအစဥ်ဖြင့် မျက်စိရောဂါအခမဲ့စမ်းသပ်ကုသခြင်းလုပ်ငန်းများကို ခေတ်မီစက်ကိရိယာများဖြင့် ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့စမ်းသပ်ကုသပေးရာ အင်းစိန်ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန် ဒေါက်တာမြဝတ်ရည်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မျက်စိရောဂါဝေဒနာရှင်များအား စမ်းသပ်ကုသပေးခြင်း၊ ဆီးချိုရောဂါဝေဒနာရှင် ပြည်သူများအား အမြင်အာရုံခံလွှာကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ စမ်းသပ်ကုသပေးခြင်း၊ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးပေးခြင်းများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မရှိ၍မလင်းသူမရှိစေရ အစီအစဥ်ဖြင့် မျက်စိရောဂါအခမဲ့စမ်းသပ်ကုသပေးခြင်းကို တိုက်ကြီးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး တိုက်ကြီးခရိုင်အတွင်းရှိ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့များရှိ ရပ်ကွက်/ကျေးရွာနေ မျက်စိရောဂါဝေဒနာရှင် ပြည်သူများအား မျက်စိရောဂါနှင့်ပတ်သက်၍ အခမဲ့စမ်းသပ်ကုသပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သူများအား အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ခင်နှင်းသက်(ပြန်/ဆက်)