နေပြည်တော် နိုဝင်ဘာ ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၆၂၃ ကွင်း ယာယီရှင်းလင်းဆောင်၌ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများအတွက် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ရာသီသီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေး၊ စပါးအပါအဝင် သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းများ ရရှိရေး၊ သွင်းအားစုများကို စနစ်တကျ ထည့်သွင်းနိုင်ရေး၊ စိုက်ပျိုးရေကို အလေအလွင့်မရှိစေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာဆောင်ရွက်နိုင်ရေးကို အလေးထားလိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ကို လစ်ဟာမှုမရှိအောင် စနစ်တကျလိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် လယ်ယာ ကဏ္ဍဖွံဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေကြာနှင့် မတ်ပဲမျိုးစေ့များကို တောင်သူများအား ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တောင်သူများနှင့်အတူ ဘဲကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၆၂၃ ကွင်းရှိ စိုက်ဧရိယာ ၀ ဒသမ ၅၀ ပေါ်တွင် ရေကြီးနစ်မြုပ်ပြီး သဲနုန်းဖုံးလွှမ်းသွားသော လယ်မြေများတွင် လက်တွေ့စမ်းသပ်စိုက်ကွက်၌ စပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုတ်၊ ဂျုံနှင့် နေကြာသီးနှံများ စမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၆၄၃၊ စိုက်ဧရိယာ ခုနစ်ဧကပေါ်တွင် TBLမျိုးစေ့ထုတ်ကုမ္ပဏီမှ စိုက်ပျိုးထုတ်လုပ်ထားသည့် မျိုးစေ့များကို လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိ သူများက မျိုးစေ့များ ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် TBL မျိုးစေ့ထုတ်ကုမ္ပဏီမှ စိုက်ပျိုးထားသော မျိုးစေ့ထုတ် မတ်ပဲစိုက်ခင်း၊ နေကြာစိုက်ခင်းနှင့် ဝါစိုက်ခင်းများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)