ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် e-Government ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား နိုဝင်ဘာ ၆

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် e-Government လုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ICT နည်းပညာဘာသာရပ်များကို သိရှိနားလည်စေရေး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ e-Government ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကချင်ပြည်နယ် e-Government ဦးဆောင်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း e-Government လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သည့်နေရာတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအပါအဝင် ဌာနဆိုင်ရာအသီးသီးမှလည်း လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ခေတ်နှင့်အညီ e-Government စနစ်ဖြင့် ရုံးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အခြေခံအားဖြင့် လူသားအရင်းအမြစ် အရည်အသွေး မြှင့်တင်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသားများအနေဖြင့် သင်တန်းတွင် ပို့ချပေးမည့် ကွန်ပျူတာအခြေခံသဘောတရားများ အပါအဝင် Network ပိုင်းဆိုင်ရာ Email ပေးပို့ခြင်း၊ Zoom Application အသုံးပြုခြင်းစသည့် နည်းပညာအခြေခံပိုင်းများကို ကြိုးစားသင်ယူကြပြီး လိုက်နာအကောင်အထည်ဖော်ခြင်းဖြင့် e-Government ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် e-Government အထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းတို့အတွက် သင်ကြားရေးအဖွဲ့ခေါင်းဆောင်၊ ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းနိုင်စိုးက သင်တန်းပို့ချမည့် သင်ရိုးညွှန်းတမ်းဘာသာရပ်များနှင့် သင်ကြားပို့ချပေးမည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ e-Government လုပ်ငန်းများကို ကချင်ပြည်နယ်အတွင်း အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဓိကကျသည့် e-Govern-ment ဆိုင်ရာ အထောက်အကူပြုသင်တန်းများကို ဘဏ္ဍာနှစ်အလိုက် ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ပထမအကြိမ်အဖြစ် ပြည်နယ်အဆင့်ဌာနဆိုင်ရာ (၁၀၀) ကျော်ရှိသည့်အနက် ဌာနဆိုင်ရာ (၄၀) မှ သင်တန်းသား/ သင်တန်းသူ (၈၀) တို့အား စုစည်းဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပြီး ယခုဖွင့်လှစ်မည့် ဒုတိယအကြိမ်သင်တန်းကို ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၇၇) ဦးတို့အား ကွန်ပျူတာတက္ကသိုလ်တွင် (၃)ပတ်ကြာဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် ထို့အပြင် ကချင်ပြည်နယ် e-Government ဦးဆောင်ကော်မတီအနေဖြင့် Data Center အဆောက်အဦတည်ဆောက်ထားရှိပြီး Network ရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်