ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား ပဲနို့ရည်စက်နှင့်ဆက်စပ်ပစ္စည်းများလှူဒါန်း

ပျဉ်းမနား နိုဝင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားခန်းမ၌ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ နေပြည်တော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား ငွေဇင်ယော်အုတ်စက်ရုံမှ ပဲနို့ရည်စက်နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းကကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးခင်ဇော်နှင့် တာဝန်ရှိသူများ၊ ငွေဇင်ယော်အုတ်စက်ရုံဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့်တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်တွင် မကြာမီကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်း၊ အဆိုပါပြိုင်ပွဲကြီးတွင် နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်း၊ အားကစားသမားအင်အား ၆၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း၊ နေပြည်တော်အနေနှင့် အားကစားနည်း ၂၃ မျိုးလုံးကို အင်အား ၄၄၉ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အောင်နိုင်ရေးအတွက်လည်း အဖက်ဖက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီး အားကစားသမားများစခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့်လည်း အားကစားအသင်းများအတွက် လိုအပ်သည်များကိုလည်း ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကာလသည် အားကစားအသင်းများ စခန်းသွင်းကာလဖြစ်သည့်အလျောက် အားကစားသမားများအနေနှင့် ပင်ပင်ပန်းပန်း ကြိုးစားလေ့ကျင့်နေရသည့် အချိန်ဖြစ်သည့်အတွက် ကုန်ခန်းသွားသည့် အင်အားတွေကို ပြန်လည်ဖြည့်ဆည်းနိုင်ရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရဖြည့်ပဲနို့ရည်များ သောက်သုံးနိုင်ရန် ပဲနို့ရည်စက်နှင့်ဆက်စပ်ပစ္စည်းများကို လှူဒါန်းပေးသည့် ငွေဇင်ယော်အုတ်စက်ရုံမှ တာဝန်ရှိသူများ ကျေးဇူးတင်ရှိကြောင်းနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှာ နေပြည်တော်အားကစားအသင်းများအနေဖြင့် အောင်မြင်မှုရရှိပြီး နေပြည်တော်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားလေ့ကျင့်ရန်၊ ဒီပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများဖြစ်အောင် ရည်မှန်းချက်ထားကြရန်၊ စခန်းသွင်းကာလနှင့် ပြိုင်ပွဲကာလများမှာ စည်းကမ်းရှိရှိနှင့် အားကစားသမားကောင်းပီသစွာ ပြုမူနေထိုင်သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ငွေဇင်ယော်အုတ်စက်ရုံ ဥက္ကဋ္ဌဦးရှိန်ဝင်းက ပဲနို့ရည်စက်ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ငွေဇင်ယော်အုတ်စက်ရုံမှ လှူဒါန်းသည့် ပဲနို့ရည်စက်အား နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးမှ လက်ခံရယူခဲ့သည်။

ထို့နောက် ပဲနို့ရည်စက်မှ ပဲနို့ထုတ်လုပ်ပုံအဆင့်ဆင့်အား သရုပ်ပြသမှုအခြေအနေများအား နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)