မြစ်ကြီးနား နိုဝင်ဘာ ၆
ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် ဇွန် ၃၁ ရက်နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့မှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်မှအပ ကျန်ရပ်ကွက်များတွင် ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဧရာဝတီမြစ်ကမ်းထိန်းသိမ်းရေးနှင့် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး စီမံကိန်းလုပ်ငန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲက ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဆောင်ရွက်သွားမည့်လုပ်ငန်းစီမံကိန်းများအား ဦးစားပေးအလိုက် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ ၂ ရှိ ဧရာဝတီမြစ်ဆိပ်၌ မြစ်ကြီးနားမြို့ ရေစတင်ဝင်ရောက်ခဲ့မှု အခြေအနေများအပေါ် ကရိန်နော်မှ ပမ္ပတီးစက်လှေဆိပ်အထိ ကမ်းတစ်လျှောက် (၁၆ ဒဿမ ၅)မိုင်အတွင်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့် ကျောက်စီမြေထိန်းတမံ၊ ရေလျှံတားနံရံများနှင့် အဓိကရေဝင်ပေါက်များဖြစ်သည့် ချောင်းဝနေရာ (၆)ခုတွင် ရေထိန်းတံခါးများ တည်ဆောက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ဦးစားပေးဆောင်ရွက်ရမည့်အပိုင်းလိုက် လုပ်ငန်းစီမံကိန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် အဆိုပါ မြစ်ဆိပ်မှ တစ်ဆင့် မီးသတ်ဦးစီးဌာနမှ အမြန်ရေယာဉ်များဖြင့် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် မြို့အထက်ဘက် ရွှေစက်ရပ်ကွက် ကရိန်နော်အထိလည်းကောင်း၊ ကရိန်နော်မှ သီတာရပ်ကွက် ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ဧရာဝတီမြစ်ဆိပ်အထိ လည်းကောင်း၊ မြစ်တွင်းမှတစ်ဆင့် ဘဏ္ဍာနှစ်အလိုက် ဦးစားပေးဆောင်ရွက်ရမည့် မန်ခိန်ရပ်ကွက် တရုတ်ဘုံကျောင်းမှ ဗလမင်းထင်တံတားအထိ ကျောက်စီကမ်းထိန်းတမံနှင့် ရေလျှံတားနံရံ တည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဗလမင်းထင်တံတားမှ ဆုတောင်းပြည့်ရေဆိပ်အထိ ရေလျှံတားနံရံတည်ဆောက်ရန် လျာထားမှု အခြေအနေများနှင့် ရေထိန်းတံခါးတည်ဆောက် မည့် တက္ကသိုလ်ရေပေါက်နှင့် အင်ဂျန်းချောင်းဝတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေလမ်းကြောင်း ဖွံ့ဖြိုးရေးအတွင်း ဗလမင်းထင်တံတားအောက်ဖက်ရှိ သဲသောင်ခုံနှင့် နောင်တာလောကျွန်း သဲသောင်ခုံတို့အား သဲသောင်တူးဖော်ရှင်းလင်းဆောင်ရွက်သွားမည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ယခုနှစ် စံချိန်တင် မြစ်ရေကြီးမြင့်ခဲ့သည့် စိုးရိမ်ရေမှတ် ၁၂၀၀ ၏အထက် ၁၄၀၆ စင်တီမီတာမြင့်တက်ခဲ့သဖြင့် အဆိုပါမြစ်ကြောင်းထိန်းသိမ်းရေးနှင့် မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် အလျား (၁၆)မိုင်ကျော်အတွင်း လုပ်ငန်းစီမံကိန်း အပိုင်း (၆)ပိုင်းခွဲ၍ ဦးစားပေးအလိုက် ကျောက်စီရေထိန်းတမံ၊ ရေလျှံတားနံရံများနှင့် ရေထိန်းတံခါးများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အမြင့်ဆုံး ၁၅၀၀ စင်တီမီတာအထိ ကာ ကွယ်နိုင်ရေး လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၁၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းနှင့် ပထမနှစ်စက်ဝန်းအောင်မြင်စွာ လည်ပတ်နိုင်ခဲ့သည့်အပြင် ယခုနှစ် ဒုတိယနှစ်စက်ဝန်းကိုလည်း ကောင်းမွန်စွာလည်ပတ်လျက်ရှိပါကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် ကျန်ရှိသည့် ရန်ပုံငွေများအပေါ် စနစ်တကျစီမံခန့်ခွဲ၍ တောင်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေချထားပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ အကျိုးရှိထိရောက် အောင်မြင်သည့်လုပ်ငန်းများ ဖြစ်ထွန်းလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက်တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များကပထမနှစ်စက်ဝန်းတွင် ရန်ပုံငွေများ ခွဲဝေချထားပေးခဲ့မှုအပေါ် လုပ်ငန်းယူနစ်အလိုက် အတိုး/အရင်းရငွေများမှ ဒုတိယနှစ်စက်ဝန်းအတွက် ခွဲဝေချထားပေးသည့် ကျေးရွာအလိုက်လုပ်ငန်းစီမံကိန်းများနှင့် စီမံခန့်ခွဲရန် ကျန်ရှိသည့် လက်ကျန်ရန်ပုံငွေ အခြေအနေများနှင့် ထပ်မံခွဲဝေချထားပေးရန် မြို့နယ်များမှ တင်ပြတောင်းဆိုလာသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဆန်စက်၊ ဆီစက် များတည်ဆောက်ရေး၊ အဆင့်မြှင့်တင်ရေးလုပ်ငန်းစီမံကိန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ချေးငွေခွဲဝေချထားပေးနိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြတောင်းဆိုလာ သည့် လုပ်ငန်းများအလိုက် အမြန်ဆုံးစိစစ်ချထားပေးနိုင်ရေးနှင့် လက်စွဲစာအုပ်ပါ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆုံးဖြတ်ပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားမျိုးနွယ်စုများမှ စာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့ခေါင်းဆောင်များ၊ ဘောလုံးချစ်ပရိတ်သတ်များနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း ဒုတိယအကြိမ်ပြုလုပ်ကျင်းပလျက်ရှိသည့် တိုင်းရင်းသားရေးရာဝန်ကြီးဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဂျိမ်းဖောအသင်းနှင့် လီဆူအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်