နမ့်စန်(တ) နိုဝင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံ ပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ကျောက်တိုင်အားကစားကွင်း အတွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင်နှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် ဖွင့်ပွဲတက်ရောက် လာကြသော အကြီးအကဲများက ပြိုင်ပွဲဝင်အသင်းများကို လိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများနှင့် ဘင်ခရာတပ်ဖွဲ့များက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုအလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် အ.ထ.က (နမ့်စန်) နှင့် အ.ထ.က-ခွဲ (၅ရပ်ကွက်) မှ ကျောင်းသား၊ ကျောင်းသူများက Fitness Dance နှင့် မြန်မာ့သိုင်းပြကွက်များဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအမျိုးသားပွဲစဉ်အဖြစ် အ.ထ.က(ခိုလန်) ဘောလုံးအသင်းနှင့် အ.ထ.က -ခွဲ(မြို့ဦး) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၆) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာ ကျောင်းများမှ ပြိုင်ပွဲဝင်အမျိုးသားအမျိုးသမီး စုစုပေါင်း (၂၁) သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)