(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထူးဂုဏ်(တောင်ဝိုင်း-ကော့ဌေး-နောင်သကန်) ကွန်ကရစ်လမ်းသစ်ဖွင့်

ဘားအံ နိုဝင်ဘာ ၆

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘားအံမြို့နယ်၊ ထူးဂုဏ် (တောင်ဝိုင်း-ကော့ဌေး-နောင်သကန်) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အဆိုပါလမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

အဆိုပါလမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၁၂၇ ဒဿမ ၄၇၆) သန်းဖြင့် လမ်းအရှည် (၁)မိုင်(၁ဒဿမ၅)ဖာလုံအား ၁၄ ပေအကျယ်ကျောက်ချောလမ်းအဖြစ် စတင်ဆောင်ရွက်ပေးခဲ့ပြီး ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၄၀၇ ဒဿမ ၀၄၅)သန်းဖြင့် ဝေပုံမြကုမ္ပဏီမှ (၁၄)ပေအကျယ် ကွန်ကရစ်လမ်း(၁)မိုင် (၁ဒဿမ၅) ဖာလုံအား တာဝန်ယူဆောင်ရွက်ပြီးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။

ယင်းနောက် လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့်လမ်းသည် တောင်ကလေး-စံပနုံ-တောင်ဝိုင်းလမ်း၊ မဲဘောင်-နောင်ပလိန်လမ်းတို့နှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး အဓိကဆက်သွယ်ရေးလမ်းဖြစ်သော ဘားအံ-ကော့ကရိတ်-မြဝတီ အားရှလမ်းမကြီးနှင့် ဘားအံ-လှိုင်းဘွဲလမ်းမကြီး များသို့ အချိန်တိုအတွင်း ရောက်ရှိနိုင်ကာ တောင်ဝိုင်းတောင်၊ ဣစ္ဆာသယဂူ၊ ဗုဒ္ဓဂါယာနှင့် ကော့ကသောင်ဂူများသို့ အချိန်ကုန်သက်သာစွာ သွားရောက်လည်ပတ်ဖူးမြော်နိုင်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေကာ ပြည်နယ်၏ စီးပွားရေးကို အထောက်အကူပြုသည့် ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)