တောင်ဥက္ကလာပ နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းအမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း၊ အခမဲ့ဓာတ်မှန်ရိုက်ခြင်းနှင့် ဆေးကုသခြင်းအား ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၅)ရပ်ကွက် မြသိန်းတန်ဓမ္မာရုံတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းအမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးအေးမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက အထွေထွေရောဂါများရှာဖွေကုသပေးခြင်း၊ ရပ်ကွက်များအတွင်းတီဘီရောဂါ ခံစားနေရသည့် ပြည်သူများအားရှာဖွေ၍ သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/ မရှိ စစ်ဆေးကုသပေးခြင်းတို့ကို ခေတ်မီဓာတ်မှန်စက်ကြီးများဖြင့် ရှာဖွေ၍ အထူးကုဆရာဝန်ကြီးများက ကုသပေးခြင်း၊ အခြားသော အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ဆေးကုသပေးရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆေးကုသပေးခြင်းကို ကျန်ရှိသော ရပ်ကွက်များအား စုရပ်အလိုက် နိုဝင်ဘာ ၈ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)