နေပြည်တော် နိုဝင်ဘာ ၅
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂၀၂၄) ကောက်ယူရေးအတွက် လုပ်ငန်းရှင်များနှင့် အကြိုရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပျဉ်းမနားခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ ပျဉ်းမနားမြို့နယ်မှ MSME အသင်းဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်စေရန် ဆောင်ရွက်သကဲ့သို့ ဒေသထွက်ကုန်များကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပြည်ပပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများ၏ လိုအပ်ချက်များကို ဖော်ထုတ်ပေးနိုင်ရန်နှင့် တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မည့်အချက်များကို ဖော်ထုတ်နိုင်ရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကို ကောက်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုစစ်တမ်း ကောက်ယူခြင်းသည် လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်သာ သက်ဆိုင်ပါကြောင်း၊ စစ်တမ်း ကောက်ယူခြင်းကို တိုင်းဒေသကြီး/ပြည်နယ်များအနက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နေပြည်တော်တွင် မြို့နယ် တစ်မြို့နယ်မှ ကုန်ထုတ်လုပ်မှု လုပ်ငန်းပေါင်း ၈၀ ခုကို ကောက်ယူမည်ဖြစ်ပြီး နေပြည်တော်တစ်ခုလုံးရှိ မြို့နယ် ရှစ်မြို့နယ်၏ MSME ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ကိုယ်စားပြုမှာဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခုမှ ဖြေကြားပေးသည့် အချက်များသည် လုပ်ငန်းအများကြီးကို ကိုယ်စားပြုသည့်အတွက် လုပ်ငန်းများ၏ လိုအပ်ချက်များကို ဖော်ထုတ်ပေးနို င်ခြင်း၊ လက်ရှိ စီးပွားရေးဝန်းကျင်ကို သိရှိနိုင်ခြင်း၊ စစ်တမ်းမှ ရရှိလာသည့် အချက်အလက်များကို လေ့လာဆန်းစစ်ပြီး MSME ထုတ်လုပ်မှု အခန်းကဏ္ဍ မြင့်မားတိုးတက်လာစေရေး မူဝါဒများချမှတ် ခြင်း၊ လုပ်ငန်းစီမံချက်များရေးဆွဲနိုင်ရန် သုတေသနပြု ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအတွက် အသုံးပြုနိုင်ခြင်း၊ လိုအပ်သည့် အကူအညီ၊ အထောက်အပံ့များကို ပံ့ပိုးပေးနိုင်ခြင်း ကုန်စည်ပြပွဲများ လုပ်ပေးခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးမှုအတွက် အလုပ်သမားများအား နိုင်ငံတော်မှ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လုပ်သားစွမ်းရည် မြှင့်တင်ပေးခြင်း၊ MSME လုပ်ငန်းများကို နိုင်ငံတော်မှ ချေးငွေများချပေးနေသည့်အတွက် အဆိုပါချေးငွေလုပ်ငန်းစဉ်များ ပိုမိုလွယ်ကူစေအောင် ဆောင်ရွက်နိုင်ခြင်း၊ ချေးငွေများကို လွယ်ကူစွာချacပေးနိုင်ရန် စီစဉ်နိုင်ခြင်း နိုင်ငံတော်မှ ချေးငွေချ ပေးနေသည့် အစီအစဉ်များနှင့် ချေးငွေလိုအပ်နေသည့် လုပ်ငန်းရှင်များအကြား ပိုမိုကောင်းမွန်စေရေး ဖြည့်ဆည်းပေးနိုင်ခြင်း၊ လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနေသည့် ကန့်သတ်ချက်များ ဖယ်ရှားပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း၊ MSME လုပ်ငန်းများအတွက် မှန်ကန်သည့်မူဝါဒများ ချမှတ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်ကြောင်း၊ စစ်တမ်းကောက်ယူရာတွင် လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေရေး၊ လုပ်ငန်းဆောင်ရွက်ရာတွင် လုံခြုံမှုရှိစေရေး၊ MSME လုပ်ငန်းများ၏ လိုအပ်ချက်များကို ဖော်ထုတ်နိုင်ရန်အတွက် လုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင်၍ မိမိတို့၏ လိုအပ်ချက်၊ အခက်အခဲများကို မှန်ကန်စွာ ဖြေကြားကြားပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်း၏ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးစေရန်အလွန်အရေးပါသည့်အတွက် အရည်အသွေးရှိသော စာရင်းအင်းအချက်အလက်များ ရရှိစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်က အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂၀၂၄) ကောက်ယူခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက်ရောက်လာကြသည့် စီးပွားရေး လုပ်ငန်းရှင်များအား ရင်းရင်နှီးနှီးနှုတ်ဆက်စကားပြောကြားသည်။
အဆိုပါ စစ်တမ်းကောက်ယူခြင်းကို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုနိုင်ရန်၊ MSME လုပ်ငန်းများ၏ လိုအပ်ချက်များကိုသိရှိနိုင်ရန်၊ MSME မူဝါဒချ မှတ်သူများအတွက် စာရင်းအင်းဆိုင်ရာ အချက်အလက်များ ဖြည့်ဆည်းပေးနိုင်ရန်၊ MSME လုပ်ငန်းများ၏ ငွေကြေးအရင်းအနှီးနှင့်စီမံခန့်ခွဲမှု အခြေအနေများကို သိရှိနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှု အခြေအနေကို သိရှိနိုင်ရန်နှင့် MSME လုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုကိုသိရှိနိုင်ရန် ရည်ရွယ်ပြီး နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း ၈၀ ခုကို နိုဝင်ဘာ ၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကောက်ယူ ဆောင်ရွက် မည်ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)