ပျဉ်းမနား နိုဝင်ဘာ ၅
စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှုနည်းပညာ ဆွေးနွေးပွဲနှင့် ကြံသီးနှံစံပြကွက်များသရုပ်ပြပွဲကို ကျီးဖြူရိုးကျေးရွာ၊ တောင်သူ ဦးသိန်းရွှေ၊ ကွင်းအမှတ် ၁၇၀၉၊ ကြံစိုက်ဧက ၃ ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်ကြွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးနိုင်မှ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်အတွက်လမ်းညွှန်မှု ပြုလုပ်ခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်မှကြံသီးနှံ အထွက်တိုးနည်းပညာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သကြားထွက်သီးနှံဌာနခွဲမှ ကြံသီနှံစိုက်ပျိုးနည်းစနစ်များနှင့် ကြံသီးနှံအထွက်တိုး နည်းပညာများကို ဆွေးနွေးပြောကြားပြီး ကြံသီးနှံစိုက်ပျိုးရေး အထောက်အကူပြုပစ္စည်း ၆ မျိုးကို ကြံစိုက် တောင်သူ ၅၅ ဦးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)