ပင်းတယ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသအသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် "သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့်သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ" သင်တန်းဆင်းပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွက်လာစေရေး၊ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ မြို့ပြနှင့်ကျေးလက်များကြား ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းလာစေရေးတို့အတွက် အသက်မွေးဝမ်းကြောင်း ကာလတိုသင်တန်းများကို တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုသီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများအား လူငယ်၊ လူရွယ်များ ပညာတတ်မြောက်ပြီးဝင်ငွေရရှိသော လုပ်ငန်းထူထောင်နိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်နှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းက လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသား (၃)ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်သင်တန်းနည်းပြဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပေးပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့်သင်တန်းမှထွက်ရှိသော ထုတ်ကုန်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းအား အောက်တိုဘာလ(၃၀) ရက်နေ့မှ နိုဝင်ဘာလ (၅)ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူစုစုပေါင်း (၂၀)ဦးတက်ရောက်သင်ကြားခဲ့ကြောင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသခံပြည်သူများအား ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ထုတ်လုပ်ငန်းများကို စီးပွားဖြစ်ထုတ်လုပ်နိုင်သည်အထိကျွမ်းကျင်တတ်မြောက်စေရန်နှင့် ဒေသအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဖြင့် စီးပွားရေးလုပ်ငန်းများထူထောင်သူဦးရေများပြားလာပြီး လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုး လာနိုင်စေရန်ရည်ရွယ်၍ အသေးစားစက်မှုလက်မှု လုပ်ငန်းများမြှင့်တင်ရေးဥပဒေပါ အခြေခံမူများနှင့်အညီ နည်းပညာလွှဲပြောင်းသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲအပြီးတွင် အခမ်းအနားသို့တက်ရောက်လာကြသူများမှ ပင်းတယမြို့ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်/စာစောင်များနှင့်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်းကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)