တပ်ကုန်း နိုဝင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးဝင်းထွဋ်အောင်၊ ဒေါက်တာခင်မောင်ထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်မြင့်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင့်တင့်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းအောင်ကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်၊ နေပြည်တော်အသေးစား၊ အငယ်စား၊ အလတ်စား(MSME)အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်မြို့ပေါ်ခြောက်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်မိ၊ ရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းထွဋ်အောင်က သဘာဝဘေးဖြစ်ပေါ်လာနိုင်မှုအခြေအနေများ၊ မြစ်ချောင်းအနီးအနားရှိ ရပ်ကွက်၊ ကျေးရွာများ ကြိုတင်ရှောင်ရှားရန် ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းအောင်ကျော်က ယခင်ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ချိန်တွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များနှင့် ဇာတ်တိုက်လေ့ကျင့်ရန် ရှင်းလင်းတင်ပြ၍လည်းကောင်း၊ နေပြည်တော်အသေးစား၊ အငယ်စား၊ အလတ်စား(MSME)အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်က ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်း၊ ဌာနဆိုင်ရာနှင့်ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများ အချိန်နှင့်တစ်ပြေးညီတင်ပြမှုအခြေအနေများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးဆပ်ကော်မတီဖွဲ့စည်းကာ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကူညီရေးသတင်းပို့ဌာနဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြစေရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြစိုးက သာမန်ချိန်၊ အရေးပေါ်ချိန်၊ အရေးကြီးချိန်၊ ပြန်လည်ထူထောင်ရေးအပြင် ရေကြီး၊ မြေပြိုနိုင်သည့် မြစ်ချောင်းနဘေးနေထိုင်သူများ ကြိုတင်ရွှေ့ပြောင်းရန်အခြေအနေများ ရှင်းလင်းပြောကြား၍လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးက မြို့နယ်အတွင်းမှ ဆည်များသာမကြည့်ဘဲ အနီးပတ်ဝန်းကျင်မြို့များမှ ဆည်များ၏ ရေအမှတ်၊ မိုးရေချိန်များသိရှိရန် အခြေအနေများနှင့် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ဖြစ်ပွားလာပါက ဆောင်ရွက်မည့်လုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းထွဋ်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်