ရန်ကုန် နိုဝင်ဘာ ၅
ဒေသတွင်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်သော အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် (အခမဲ့) ဖွင့်လှစ်ပေးခဲ့ပြီး ယမန်နေ့က သင်တန်းဆင်းပွဲ အခမ်းအနားကို အဆိုပါ ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းကို အောက်တိုဘာလ(၂၇)ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်သင်ကြားပို့ချ ပေးခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ ဦးဇော်ဝင်းကသင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုသင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ လက်သန့်ဆေးရည်အမျိုးမျိုး၊ ဓာတုပစ္စည်းများနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ Packagingနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ GMP၊ GHP အကြောင်းအရာများ၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရကုန်အမှတ်တံဆိပ်တွင် ဖော်ပြရမည့်အချက်အလက်များ အကြောင်းစသည့် ဘာသာရပ်များကို စာတွေ့ (၃၀) ရာခိုင်နှုန်း၊ လက်တွေ့ (၇၀) ရာခိုင်နှုန်း သင်ကြား ပို့ချပေးခဲ့ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)