(၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွန်းညကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ပညာမြင့်မိုရ် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်

ဘားအံ နိုဝင်ဘာ ၅

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ လွန်းညကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၏ ပညာမြင့်မိုရ် (၁၄၀x၃၀)RCCနှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်း ဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ကျောင်းဆောင်သစ်အလှူရှင် မိသားစုနှင့် ဘင်ခရာ၊ ပန်းပွား၊ ယဉ်ကျေးမှုအဖွဲ့များ စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျောင်းဆောင်သစ် လွန်းရတနာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုတည်ဆောက်ပြီးစီးသော ကျောင်းဆောင်ကြီး ရေရှည်တည်တံ့ရန်နှင့် အစဉ်သန့်ရှင်းသာယာလှပစေရန် လက်ရှိကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများက ထိန်းသိမ်းစောင့်ရှောက် ပေးကြရမည်ဖြစ်ပြီး လိုအပ်ချက်များအတွက် ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများကလည်း ပံ့ပိုးဖြည့်ဆည်းပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျောင်းဆောင်သစ်ကို တာဝန်ယူတည်ဆောက်ပေးသည့်ကုမ္ပဏီမှ ကျောင်းဆောင်သစ် ဆိုင်ရာ စာရွက်စာတမ်းများကိုလွှဲပြောင်းပေးအပ်ပြီး ပြည်နယ်ပညာရေးမှူးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျောင်းအကျိုးတော်ဆောင် မိဘတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် Sustainabridge (SB)အဖွဲ့ တို့ ပူးပေါင်း၍ နယ်စပ်ဒေသရှိပုံမှန်ပညာသင်ကြားခွင့်မရသည့် တိုင်းရင်းသားလူငယ်များအတွက် စက်မှုလက်မှုပညာရပ်များဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလုပ်ကိုင်နိုင်ရန် နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ စက်မှုဇုန်အနီးရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း၌ သင်တန်းများဖွင့်ပွဲကို ကျင်းပခဲ့သည်။

ယနေ့ဖွင့်လှစ်သောသင်တန်းများမှာ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၅)၊ လျှပ်စစ်သင်တန်း အမှတ်စဉ် (၁၅)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ် (၁၄)နှင့်ဂဟေသင်တန်းအမှတ်စဉ် (၁၃)တို့ဖြစ်ကြပြီး သင်တန်းများဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် Sustainabridge(SB)ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူး ဦးစောတင်ဝင်းမြင့်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ယနေ့သင်တန်းများတွင် ဆောက်လုပ် ရေးသင်တန်း၌(၉)ဦး၊ လျှပ်စစ်သင်တန်း၌ (၁၇)ဦး၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၌ (၂၁)ဦးနှင့် ဂဟေသင်တန်း၌(၁၃)ဦး စုစုပေါင်း(၆၀)ဦးတက် ရောက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)