နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ် တံတားကြီးကျေးရွာရှိပြည်သူများအား ဆန်နှင့်စားသောက်ဖွယ်ရာများပေးအပ်

လယ်ဝေး နိုဝင်ဘာ ၅

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် အလယ်ကျွန်းအုပ်စု၊ တံတားကြီးကျေးရွာရှိပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်က ရေနစ်မြုပ်ခဲ့သည့် တံတားကြီးကျေးရွာသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုများအား ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများက တံတားကြီးကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများက တံတားကြီးကျေးရွာပြည်သူများအား ဆန်၊ စည်သွပ်ဘူး၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ‌ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ပျံချီကျေးရွာ ဘုန်းတော်ကြီးကျောင်းအဝင်လမ်းအားကျေးလက်လမ်းဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက် )