ရန်ကုန် နိုဝင်ဘာ ၅
ကြက်ခြေနီလှုပ်ရှားမှုများကို အများပြည်သူ ပိုမိုသိရှိနားလည်စေရန်နှင့် ကြက်ခြေနီ လှုပ်ရှားမှုများတွင် ပိုမိုပါဝင်ဆောင်ရွက်လာစေရန်အတွက် ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြုလုပ်လျက်ရှိရာ ယမန်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွက် ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်အောင်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Cooperation Coordinator Ms. Bonny Foo တို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်တင်တင်လေး၊ အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆွေးနွေးပွဲတက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီး/ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ တက်ရောက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွက် ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ ပထမအကြိမ် ပြုလုပ်ခြင်းဖြစ်ရာ တိုင်းဒေသကြီးနှင့် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ စုစုပေါင်း (၆၈) ဦး တက်ရောက်လျက်ရှိပြီး ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီလှုပ်ရှားမှု၊ အခြေခံမူများ၊ အကောင်းဆုံးလှုပ်ရှားမှု စံနမူနာများနှင့် သက်ဆိုင်သည့် ဗဟုသုတများကို နားလည်လက်ခံ လေးစားလိုက်နာစေရန် သာမက ပြန်လည်ဆင့်ပွားပေးနိုင်ရန်နှင့် လုပ်ငန်းများတွင် ပိုမိုတက်ကြွစွာနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်၊ ကြက်ခြေနီလှုပ်ရှားမှု၏၍ အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်စေရန်နှင့် ကြက်ခြေနီလှုပ်ရှားမှုများတွင် ပိုမိုပါဝင်ဆောင်ရွက် လာစေရန်၊ ပြည်တွင်း/ ပြည်ပရှိ ဘေးအန္တရာယ် ကျရောက်လွယ်သူများအတွက် လူမှုကရုဏာ အကူအညီပေးနိုင်သည့် စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသားကြက်ခြေနီအသင်းဖြစ်လာစေရန် စသည့်အသင်း၏ မျှော်မှန်းချက်များနှင့်အညီ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ကျေးရွာ/ တက္ကသိုလ်/ ကောလိပ်/ ရပ်ကွက် အဆင့်များတွင် ကြက်ခြေနီ လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ကာ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)